** ပျက်စီးကြောင်း အကျင့်ဆိုး ၆ မျိုး **
မေးသူ ။ ။ အနတ္ထပုစ္ဆကပုဏ္ဏား
Show more
ဖြေသူ ။ ။ ဗုဒ္ဓမြတ်စွာဘုရား
( ဘုရားစကားမို့ အမှားမရှိပါ )
အခါတပါး သက်တော်ထင်ရှား ဘုရားရှင် ကိုယ်တော်မြတ် သာဝတ္ထိပြည် ဇေတဝန် ရွှေကျောင်းတော်၌ သီတင်းသုံးနေထိုင်စဉ် သာဝတ္ထိမြို့သား ပုဏ္ဏားတစ်ယောက် ဘုရားရှင်ဆီရောက်လာပြီး မေးလျှောက်လိုက်သည်မှာ ။
`` အရှင်ဂေါတမ ၊ အရှင်သည် လောက၌ အကျိုးရှိတာကိုပဲ သိပါသလော´´
သို့မဟုတ် `` အကျိုးမရှိ ပျက်စီးကြောင်း အရာများကိုလည်း သိပါသလော´´ ဟု မေးလျှောက်လေရာ ဘုရားရှင်က
`` ပုဏ္ဏား ငါသည် ဤလောက၌ ကြီးပွားကြောင်းကိုလည်း သိနိုင်သလို အကျိုးမရှိ ပျက်စီးကြောင်း အရာများကို လည်း သိနိုင်ပေ၏ ´´ ဟု မိန့်တော်မူလေရာ
`` အရှင်ဂေါတမ ဤသို့ဆိုလျှင် ပျက်စီးကြောင်း အကျင့်ဆိုးတရားများကို နောင်လာလူသားများ သတိထား ဆင်ခြင်နိုင် စေဖို့ အမိန့်ရှိပါဘုရား´´ ဟု ပုဏ္ဏား၏ လျှောက်ထားမှုကြောင့် ဘုရားရှင်က အောက်ပါအတိုင်း ပျက်စီးကြောင်း အကျင့်ဆိုး ၆ မျိုးကို မိန့်တော်မူခဲ့ပါသည် ။
၁။ နေထွက်အောင် အိပ်ခြင်း
၂။ ပျင်းရိခြင်း၊
(အလုပ်ကို တက်တက်ကြွကြွမလုပ်ခြင်း )
၃။ ဒေါသကြီးခြင်း
( အရာရာကို ဒေါသရှေ့တန်းတင်ခြင်း )
၎။ မူးယစ်သေစာ သောက်စားခြင်း
( လောင်းကစားလိုက်စားခြင်း )
၅။ တစ်ယောက်ထဲ ခရီးသွားခြင်း
၆။ သူတစ်ပါးသားမယား ဖျက်ဆီးခြင်း
( သူများမယား ကြာကူလီခိုခြင်း၊
သူများယောင်္ကျား တိတ်တိတ်ပုန်း
ယူခြင်း၊ နောက်မီးလင်းခြင်း )
`` ပုဏ္ဏား ၊ ဒီ ၆ မျိုးကို လုပ်ဆောင်နေတဲ့သူ မည်သူမဆို မိမိ၏ စီးပွားရေးသော်၎င်း၊ မိမိ၏ ကိုယ်ကျင့်သီလသည်၎င်း ၊ မိမိ၏ မိသားစုသည်၎င်း ပျက်စီးစေဖို့ ပြိုကွဲစေဖို့ လမ်းစပင်ဖြစ်ပေ၏ ´´ဟု မိန့်တော်မူခဲ့သည် ။
ဥဿူရသေယျံ အာလသျံ ၊
စဏ္ဍိက္ကံ ဒီဃသောဏ္ဍိယံ ။
ဧကဿဒ္ဓါနဂမနံ ပရဒါရူပသေဝနံ ၊
ဧတံ ဗြာဟ္မဏ သေဝဿု ၊
အနတ္ထံ တေ ဘဝိဿတိ ။
( ဓမ္မပဒ၊ အနတ္ထပုစ္ဆကဗြာဟ္မဏဝတ္ထု )
ယနေ့ခေတ် ပျက်စီးနေတဲ့ လူတစ်ယောက်ကို ကြည့်လိုက်ရင် ဒီ ၆ မျိုးထဲက တစ်မျိုးမျိုး ကြောင့် ပျက်စီးနေရတယ်ဆိုတာ သေချာပေါက် တွေ့မြင်နိုင်ပါတယ်။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်း တို့ ယနေ့မှစ၍ ဘုရားရှင်ကိုယ်တိုင် ဟောကြား ခဲ့သော ပျက်စီးကြောင်းအကျင့် ဆိုး ၆ မျိုးကို သိရှိပြီးသကာလ ထို ၆ မျိုးကို ကြိုးစားကာ ရှောင်ရှားနိုင်ကြပြီး ကြီးပွားတိုး တက်သော လူသားတစ်ယောက်၊ သာယာပျော်ရွှင်စရာကောင်းသော မိသားစု သီရိဂေဟာလေး ဖြစ်နိုင်ပါစေ လို့ ဆန္ဒပြုရင်း ယနေ့ ဓမ္မစကားလက်ဆောင် ဒီမှာပဲ အဆုံးသတ်ပါသည် ။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ
အရှင်ကေလာသ ( ချင်းတွင်း )
စစ်ကိုင်းစာသင်တိုက်၊ သုဝဏ္ဏ၊ ရန်ကုန်
1.9.2018 ( စနေနေ့ )